ကျွန်တော့်ငယ်ပါမှာ ကြာဆူးလိုအဖုတွေ ပေါက်နေတယ်ဆရာ


 အမျိုးသားတွေရဲ့ လိင်တံထိပ်ဖူး ပတ်လည်မှာ Hirsutoid Papillomas လို့ခေါ်တဲ့ အဖြူရောင်ကြာဆူးလို အဖုသေးသေးလေးတွေ ပေါက်တတ်တာ သဘာဝပါပဲ။ တစ်နေရာထဲမှာ အပြုံလိုက်စုပေါက်တာမျိုးလည်း ရှိသလို ထိပ်ပတ်ပတ်လည်မှာ အတန်းလိုက်ကြီး ပေါက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ထိပ်ပတ်လည်ကလွဲပြီး တခြားနေရာတွေမှာတော့ မပေါက်နိုင်ပါဘူး။ သူ့ကို လူတော်တော်များများက လိင်မှတစ်ဆင့် ကူးစက်ခံရတဲ့ အရေပြားယားနာ၊ ကြွက်နို့ ဒါမှမဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှုနည်းခြင်းကြောင့် ဖြစ်တဲ့ အဆီဖုတွေနဲ့ အမှတ်မှားတတ်ကြပါတယ်။ တကယ်တော့ ဒီလို ကြာဆူးပုံစံ အဖုသေးသေးလေးတွေက ကျန်းမာပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တဲ့ အမျိုးသားတွေမှာပါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုမို့ သိပ်ပြီး စိုးရိမ်စရာမလိုပါဘူး။


သူ့မှာ တခြားရော ဘာလက္ခဏာတွေ ရှိနိုင်လဲ။

ကြာဆူးလို အဖုလေးတွေ ပေါက်နေတာကလွဲပြီး တခြားလက္ခဏာမျိုးတွေတော့ မရှိပါဘူး။ များသောအားဖြင့် လူပျိုဖြစ်ကာစအရွယ်မှာ စပေါက်လာပြီးတော့ ကြီးလာတဲ့အထိ ဒီပုံစံအတိုင်းပဲ ရှိနေတတ်ပါတယ်။ အကယ်လို့တော့ ပေါက်နေတဲ့ အရေပြားတစ်ဝိုက်က အမြဲလိုလို ယားယံနေတယ်၊ နေရထိုင်ရ ခက်စေတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ သေချာပြကြည့်လိုက်တာ ပိုကောင်းပါတယ်။


ဘာကြောင့် ဖြစ်ရတာလဲ။

အကြောင်းအရင်းတိတိကျကျ ရှာဖွေနိုင်ခြင်းတော့ မရှိသေးပါဘူး။ ယားနာဖြစ်တာ၊ မသန့်ရှင်းတာ၊ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ကူးစက်ခံရတာမျိုးလည်း မဟုတ်သလို တခြားသူကို ကူးစက်နိုင်တာမျိုးလည်း မရှိပါဘူး။ လက်ရှိ ၄၃ ရာခိုင်နှုန်းသော အမျိုးသားဦးရေမှာ ဒီလို လိင်တံထိပ်ပတ်လည် ကြာဆူးလို ပေါက်နေတတ်ပါတယ်။ လူပျိုဖြစ်ကာစအရွယ်မှာ ဖြစ်တတ်ပြီး လူမည်းတွေ၊ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့သူတွေမှာ ပေါက်နိုင်ခြေ ပိုများပါတယ်။


ကုသဖို့ လိုအပ်လား။

ဒါဟာ ကျန်းမာရေးပြဿနာတစ်ခု မဟုတ်တဲ့အတွက် စိုးရိမ်ဖို့လည်း မလိုသလို ကုသဖို့လည်း မလိုအပ်ပါဘူး။ ဒါပေမယ့် ဒီလိုကြာဆူးတွေ ကိုယ့်လိင်အင်္ဂါပတ်လည်မှာ ရှိနေလို့ စိတ်ထဲမလုံသလို ရှက်သလိုဖြစ်နေတာ၊ အိမ်ထောင်ဖက်ရဲ့ တောင်းဆိုမှုကြောင့်ဆိုရင်တော့ ကုသလို့ရတဲ့ နည်းလမ်းတချို့ရှိပါတယ်။


လေဆာဖြင့် အပူပေးပြီး ကြာဆူးတွေပေါက်နေတဲ့ အရေပြားဆဲလ်တွေကို ဖျက်စီးပစ်တဲ့ လေဆာကုထုံး

အေးစိမ့်လွန်းတဲ့ အပူချိန်ဖြင့် ကြာဆူးများကို အေးခဲအောင်ထားပြီး တစ်သျှူးဆဲလ်တွေကို ဖျက်စီးပစ်တဲ့ Cryosurgery ဓာတ်ရောင်ခြည် ကုထုံးဖြင့် ကြာဆူးများကို မှိန်စေခြင်း Radiosurgery စတဲ့နည်းလမ်းတွေနဲ့ ကုသလို့ရပါတယ်။

ဒီနည်းလမ်းတွေဟာ ကုသခံရသူအတွက် ဘေးဥပါဒ်ဖြစ်စေခြင်းမရှိသလို နောက်ဆက်တွဲဆိုးကျိုးတွေလည်း တော်တော်လေးနည်းပါတယ်။


ဆေးလိမ်းလို့ရလား။

အကယ်လို့ ခွဲစိတ်နည်းနဲ့ မဟုတ်ဘဲ တခြားလိမ်းဆေးတွေကိုတော့ ဆရာဝန်အနေနဲ့ ညွှန်းပေးမှာမဟုတ်ပါဘူး။ ကြွက်နို့ သို့မဟုတ် မှိုယားနာပျောက် လိမ်းဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်ဝယ်လိမ်းတာမျိုး လုံးဝမလုပ်ရပါဘူး။ အခန့်မသင့်ရင် အရေပြားယားယံတာ၊ အမာရွတ်ထင်တာမျိုး ဖြစ်နိုင်ပါတယ်။


ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် ကြာဆူးလို အဖုတွေဟာ လူပျိုဖြစ်စအရွယ်မှာ ပေါက်တတ်ပြီး အသက်ကြီးလာတာနဲ့အမျှ ကြီးထွားမှုရပ်တန့်သွားပါတယ်။ အဖုတွေကတော့ သူ့နေရာမှာ နဂိုအတိုင်း ကျန်ရစ်နေခဲ့မှာပါ။ လိင်ဆက်ဆံဖော်ကိုလည်း မကူးစက်စေနိုင်ပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းတာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါမျိုးလည်း မဟုတ်တဲ့အတွက် သိပ်ပြီး စိုးရိမ်ဖို့ မလိုပါဘူး။


မူရင်းရေးသားသူများနှင့် ပို့စ်ပိုင်ရှင်များအား လေးစားစွာ Credit ပေးပါသည်။

Comments

Popular posts from this blog

အမျိုးသားများ ကျန်းမာသော သုတ်ရည် ရှိမရှိ သိနိုင်သော လက္ခဏာ ၆ ရပ်

အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

သားအိမ်ထဲပစ္စည်းထည့်ထားရင် လိင်ဆက်ဆံလို့ရပါ့မလား။