အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ


 ခေတ်သစ် ဇီဝကကို မေးလေ့ရှိတဲ့ မကြာခဏ အရေးပေါ်တတ်တဲ့ ယောကျာၤးပျို မိန်းမပျိုတို့ သိလိုတဲ့

“အရေးပေါ်တားဆေးဆိုတာ ဘာလဲ။ ပုံမှန်နေ့စဉ် သောက်တဲ့ တားဆေးတွေနဲ့ ဘာကွာပါလဲ။”

“အရေးပေါ်တားဆေးက ဘယ်လို သန္ဓေတားပေးတာလဲ”

“အရေးပေါ်တားဆေးကို ဘယ်လို သောက်ရတာလဲ”

“အရေးပေါ်တားဆေးကို မကြာခဏ သောက်လို့ ရပါလား”

“အရေးပေါ်တားဆေးသည် ဘယ်လောက်ထိ စိတ်ချရပါလဲ”

“အရေးပေါ်တားဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာပါလဲ”

စတဲ့ သိလိုသမျှ အဖြာဖြာကို ဒီဆောင်းပါးလေးမှာ ပြောပြပါ့မယ်။

အရေးပေါ်တားဆေးဆိုတာ ဘာလဲ။ ပုံမှန်နေ့စဉ် သောက်တဲ့ တားဆေးတွေနဲ့ ဘာကွာပါလဲ။

-အရေးပေါ်တားဆေးကို Emergency Oral Contraceptives ၊ Morning after pill ၊ Plan B One Step ရယ်လို့ အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။  ပုံမှန်နေ့စဉ်သောက်တဲ့ ဆေးတွေနဲ့ ဘာကွာလဲဆိုရင် အရေးပေါ်တားဆေးမှာ ပရိုဂျပ်စတိုဂျင် ဟိုမုန်းလ်ဖြစ်တဲ့ Levonogestrel ပဲ ပါလို့ပါ။ ဒါ့အပြင် ထိုဟိုမုန်းလ်

ဟာ ပမာဏအားဖြင့်လည်း နေ့စဉ်သောက်တဲ့တားဆေးထဲမှာပါတဲ့ ပမာဏထက် ပိုများပါတယ်။ ပမာဏအားဖြင့် 1.5 mg ပါပါတယ်။ တစ်လုံးထဲမှာ ထိုပမာဏပါနိုင်သလို နှစ်လုံးပေါင်းပါတဲ့ ဆေးပမာဏလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Ecee2 ၊Pill 72 ရယ်လို့ အသိများကြပါတယ်။


အရေးပေါ်တားဆေးက ဘယ်လို သန္ဓေတားပေးတာလဲ။

တားဆေး ဟိုမုန်းဆေး တွေသည် လုံမငယ်တို့ ခန္ဓာကိုယ်ထဲရောက်တာနဲ့ လုံမငယ်တို့ရဲ့ သားဥအိမ် (Ovary) မှ သားဥများ (ovum) မထွက်အောင်

တားပေးပါတယ်။ ဒီလိုနဲ့ ပဋိသန္ဓေကို တားပါတယ်ကွယ်။ သတိထားရမှာသည် ကိုယ်ဝန်ရှိပြီးသွားက မတားနိုင်တော့ပါ။


အရေးပေါ်တားဆေးက သားပျက်သားလျောဖြစ်စေသလား။

-အရေးပေါ်တားဆေးသည် သားပျက်သားလျောမဖြစ်စေပါ။ သန္ဓေတားပေးရုံသာ ဖြစ်ပါတယ်။ အခန့်မသင့်လို့ ဆေးသောက်နောက်ကျပြီး ကိုယ်ဝန်ရှိခဲ့ရင်လည်း သားပျက်သားလျော လုံးဝမဖြစ်စေပါ ၊ သန္ဓေသားကိုလည်း ဘေးဥပဒ် မဖြစ်စေပါ။


အရေးပေါ်တားဆေးကို ဘယ်လို သောက်ရတာလဲ။

-Ecee 2 ကို အတူနေပြီး ၇၂ နာရီ အတွင်း ပထမဆေးတောင့်ကို သောက်ပါ ။ နောက် ဒုတိယတစ်တောင့်ကို ၁၂ နာရီခြားပြီးမှ သောက်ပါ။ တချို့ အမျိုးအစားတွေသည် ၇၂ နာရီအတွင်း တစ်ကြိမ်တည်းသောက်ရတတ်ပါသည် ။


အရေးပေါ်တားဆေးသည် ဘယ်လောက်ထိ စိတ်ချရပါလဲ။

-အာနိသင် ဘယ်လောက်ရှိသလဲ ဆိုတာ အတိအကျ ပြောဖို့တော့ ခက်ပါတယ်။ အဓိက ကတော့ သုံးစွဲသူ အပေါ် များစွာ မူတည်ပါတယ်။ ဘယ်အချိန်တွေမှာ အာနိသင် လျော့တတ်လဲ ဆိုရင် ဆေးသောက်ပုံမမှန်ရင်( ၇၂ နာရီ အတွင်း ဆေးမသောက်ဘဲ နောက်ကျခဲ့ရင်) ၊တားဆေး အာနိသင်ကျစေတဲ့ တခြားဆေးဝါးများနဲ့အတူ တွဲသောက်မိရင် ဖြစ်တတ်တယ် ။ ပုံမှန်အားဖြင့် ဆေးပုံမှန် စနစ်တကျ သောက်ရင် အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း သောက်ခဲ့ရင် ၈၉ ရာခိုင်နှုန်းလောက်အထိ ကာကွယ်ပေးပါတယ်။ ၂၄နာရီအတွင်း သောက်ခဲ့ရင်တော့ ၉၅ ရာခိုင်နှုန်းလောက်အထိ ကာကွယ်ပေးပါတယ် ။


အရေးပေါ်တားဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာပါလဲ။

-ရာသီ မမှန်တာ(လာတာ ပမာဏာ နည်းသွားတာ ၊လာတဲ့ ရက်နည်းသွားတာ၊ ရာသီရက်မမှန်တော့တာ ၊ ရာသီထိန်သွားတာ)

-ခေါင်းကိုက်တာ

-ခေါင်းမူးတာ

-ရင်သားတင်းရင်းတာ ၊နာတတ်တာ

-ပျို့ခြင်း

-အန်ခြင်း


အရေးပေါ်တားဆေးကို မကြာခဏ သောက်လို့ ရပါလား။

-ဘယ်လောက်အကြိမ်အရေအတွက်အထိ ၁လအတွင်း သောက်လို့ရတယ် ဆိုတာ လေ့လာထားမှုများ မရှိသေးပါ။ အရေးပေါ်ရင်တော့ သောက်လို့ရပါတယ်။ ဒါပေမယ့် အရေးပေါ်တားဆေးမှာပါတဲ့ ဟိုမုန်းလ် ပမာဏသည် သာမန်ထက် အရမ်းများပြားတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ရာသီ စောလာခြင်း ၊ နောက်ကျခြင်း ၊ များခြင်း ၊ နည်းခြင်း စတဲ့ ရာသီမမှန်တဲ့ဆိုးကျိုးတွေ ၊ ပျို့ခြင်း ၊ အန်ခြင်းစတာတွေ ခံစားရတတ်ပါတယ်။ အရေးပေါ်တားဆေးကို အမြဲလည်း မသောက်သုံးသင့်ပါ။ အမြဲ အရေးပေါ်နေသူတွေအဖို့ ကွန်ဒုံး သို့မဟုတ် တခြား သားဆက်ခြားနည်းများကို သုံးသင့်ပါတယ်။


အရေးပေါ်တားဆေး သောက်ပြီး နောက်ရက်များတွင် လိင်ဆက်ဆံရင် ကိုယ်ဝန် ရနိုင်ပါသလား။

-ရနိုင်ပါတယ်။ အရေးပေါ်တားဆေးသောက်ပြီး နောက်ထပ် အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ရင် နောက်ထပ် တစ်ကြိမ် အရေးပေါ်တားဆေးကို သောက်ပါ။ အရေးပေါ်တားဆေးသောက်ပြီး နောက်ထပ် လိင်ဆက်ဆံဖို့ ရှိက ကွန်ဒုံးသုံးပါ။ အထက်ပါအချက်များကို မလိုက်နာရင် ကိုယ်ဝန်ရနိုင်တယ်။


အရေးပေါ်တားဆေးသောက်ပြီး အန်ရင် ဘာလုပ်သင့်လဲ။

-အန်တဲ့အထဲမှာ ဆေးပါခဲ့ရင် နောက်ထပ် တစ်ကြိမ်ထပ်သောက်သင့်ပါတယ်။ ထပ်အန်ရင်တော့ အရေးပေါ်သားအိမ်ထဲထည့်တဲ့ ပစ္စည်း Emergency IUD ကို ထည့်သင့်ပါတယ်။


အရေးပေါ်တားဆေး မသောက်ခင် ၊ သို့မဟုတ် သောက်ပြီး အရက်ဘီယာ သောက်မိက ဆေးရဲ့ အာနိသင် ကျစေပါသလား။

– အရေးပေါ်တားဆေး မသောက်ခင် ၊သို့မဟုတ် သောက်ပြီး အရက်ဘီယာ သောက်မိက ဆေးရဲ့ အာနိသင်ကျဆင်းမှု မဖြစ်ပါ။


နို့တိုက်မိခင်တွေရော အရေးပေါ်တားဆေး သောက်လို့ ရပါလား။

-သားဆက်ခြားနည်း မသုံးစွဲရသေးတဲ့ နို့တိုက်မိခင်တွေ အနေနဲ့ အရေးပေါ်က သောက်လို့ ရပါတယ် ။


အရေးပေါ်တားဆေးသောက်ပြီး ဘယ်လောက်ကြာရင် ရာသီ ပြန်ပေါ်တတ်လဲ။

-အရေးပေါ် တားဆေးသောက်ထားရင်တော့ ရာသီသည် ပုံမှန်ထက် စောတာ၊ နောက်ကျတာ ဖြစ်တတ်တယ်။ ဒါပေမယ့် ဆေးသောက်ပြီး နောက်တစ်လ အတွင်းမှာတော့ ပြန်လာတတ်တယ်။ လာရမယ့်ရက်တွင် ရာသီမလာက ၊ဒါမှမဟုတ် အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ရာသီမလာတာ ၃ပတ်ကျော်က ကိုယ်ဝန်ရှိ ၊ မရှိ ဆီးစစ်ကြည့်ပါ။

Author :  ခေတ်သစ် ဇီဝက

မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments

Popular posts from this blog

အမျိုးသားများ ကျန်းမာသော သုတ်ရည် ရှိမရှိ သိနိုင်သော လက္ခဏာ ၆ ရပ်

သားအိမ်ထဲပစ္စည်းထည့်ထားရင် လိင်ဆက်ဆံလို့ရပါ့မလား။