အမျိုးသားရင်သားကင်ဆာအကြောင်းသိကောင်းစရာ
ရေးသားသူ Dr . Phyu Mon Lattဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာပဲ ဖြစ်တတ်တဲ့ အခြေအနေတစ်ခုလို့ ထင်မြင်ယူဆကြပေမယ့် အမျိုးသားတွေမှာလဲ ဖြစ်နိုင်ပါတယ်။
ကင်ဆာဟာ အမျိုးသားတွေရဲ့ နို့သီးခေါင်းနောက်က ရင်သားတစ်ရှူးအနည်းငယ်မှာပဲ ဖြစ်ပွားခြင်းဖြစ်ပါတယ်။ အဖြစ်အများဆုံးရောဂါ လက္ခဏာကတော့ မာကျောပြီး နာကျင်ခြင်းမရှိတဲ့ အကျိတ်တစ်ခုကို ရင်သားတစ်ဖက်ဖက်မှာ တွေ့ရတာပဲဖြစ်ပါတယ်။
ဒါပေမယ့် ရင်သားအကျိတ် အတော်များများဟာ gynaecomastia လို့ ခေါ်တဲ့ အခြေအနေတစ်ခုကြောင့် ဖြစ်တတ်ပါတယ်။ ဒါဟာ အဖြစ်များပြီး ကင်ဆာမဟုတ်ပဲ အမျိုးသားတွေရဲ့ ရင်သားကြီးထွားလာခြင်းသာ ဖြစ်ပါတယ်။
အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာဟာ နို့သီးခေါင်းပြဿနာတွေ ဖြစ်တဲ့ နို့သီးခေါင်း အထဲဝင်ခြင်း နဲ့ အရည်ထွက်ခြင်းတွေ ဖြစ်တတ်ပါတယ်။
အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ လက္ခဏာများ
အဓိက လက္ခဏာများ
အဓိက လက္ခဏာကတော့ ရင်သားတစ်ဖက်မှာ အကျိတ်တွေ့ခြင်း ဖြစ်ပြီး ဒီအကျိတ်ဟာ နာကျင်ခြင်းမရှိတတ်ပါဘူး။
အကျိတ်ဟာ နို့သီးခေါင်းနဲ့ ပတ်လည်ရဲ့ အောက်မှာ တည်ရှိတတ်ပါတယ်။
ဒါပေမယ့် ရင်သားအကျိတ် အတော်များများဟာ gynaecomastia လို့ ခေါ်တဲ့ အခြေအနေတစ်ခုကြောင့် ဖြစ်တတ်ပါတယ်။ ဒါဟာ အဖြစ်များပြီး ကင်ဆာမဟုတ်ပဲ အမျိုးသားတွေရဲ့ ရင်သားကြီးထွားလာခြင်းသာ ဖြစ်ပါတယ်။
အဖြစ်နည်းတဲ့ ရောဂါလက္ခဏာတွေကတော့
• နို့သီးခေါင်း အထဲဝင်ခြင်း
• နို့သီးခေါင်း မာလာခြင်း၊ ရောင်လာခြင်း၊ နာလာခြင်း
• နို့သီးခေါင်းမှ အရည်ထွက်ခြင်း
ပြင်းထန် လက္ခဏာများ
ကင်ဆာဟာ အခြားနေရာတွေ ဖြစ်တဲ့ အရိုး၊ အသည်းနဲ့ အဆုတ်တွေဆီကို ပြန့်သွားပြီဆိုရင် metastatic breast cancer လို့ ခေါ်ပြီး အောက်ပါ လက္ခဏာတွေ ရှိတတ်ပါတယ်။
Metastatic breast cancer လက္ခဏာတွေကတော့
• အရိုးနာခြင်း
• ပြန်ရည်ကျိတ် ရောင်ရမ်းခြင်း
• မောခြင်း
• တစ်ချိန်လုံး ပင်ပန်းနေခြင်း
• ပျို့ခြင်း
• အရေပြားနဲ့ မျက်လုံးတွေ ဝါခြင်း
ဘယ်တော့ ဆရာဝန်နဲ့ ပြရမလဲ။
တကယ်လို့ ရင်သားမှာ အကျိတ်တွေ့ရင် (သို့) နို့သီးခေါင်း အထဲဝင်ခြင်း၊ အနာဖြစ်ခြင်း၊ အရည်ထွက်ခြင်းတွေဖြစ်ရင် ဆရာဝန်ကို ပြသသင့်ပါတယ်။
ဒီပြဿနာတွေဟာ ရင်သားကင်ဆာ ဟုတ်ချင်မှ ဟုတ်မှာ ဖြစ်ပေမယ့် နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။
ဘာလို့ဖြစ်တာလဲ
အမျိုးသားတွေရဲ့ ရင်သားကင်ဆာ ဖြစ်ခြင်း အကြောင်းရင်းဟာ သေချာမှု မရှိပဲ ဖြစ်နှုန်းမြင့်စေတဲ့ အချက်တွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
• အသက် – အသက် ၆၀ ကျော်အမျိုးသားတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။
• ရင်သားကင်ဆာ မိသားစု ရာဇဝင် ရှိသူ
• အဝလွန်ခြင်း – BMI 30 ထက်များခြင်း
အမျိုးသားတွေမှာ ရင်သားကင်ဆာ ကုသခြင်း
ကိစ္စ အတော်များများမှာ ရင်သားကင်ဆာကို ရင်သားနဲ့အတူ ဖယ်ထုတ်ဖို့ ခွဲစိတ်နည်းကို အသုံးပြုပါတယ်။ ခွဲစိတ်ပြီးရင် ဟော်မုန်းပိတ်ဆို့နည်းတွေဖြစ်တဲ့ သောက်ဆေး (tamoxifen) ကြာရှည်စွာသောက်ရပါတယ်။ Tamoxifen ဟာ ရင်သားတစ်ရှူးတွေပေါ်က ကင်ဆာဆဲလ် ဖွံ့ဖြိုးမှုကို အားပေးတဲ့ ဟော်မုန်းတွေကို ပိတ်ဆို့ပေးပါတယ်။ သူဟာ ကင်ဆာ ပြန်ဖြစ်ခြင်းကလည်း ကာကွယ်ပေးပါတယ်။ အချို့သူတွေမှာတော့ ဓါတ်ရောင်ခြည် (သို့) ဆေးသွင်းကုသနည်းတွေကို အလားတူ ရည်ရွယ်ချက်တွေ အတွက် အသုံးပြုပါတယ်။
အလားအလာ
ရင်သားကင်ဆာရဲ့ အလားအလာကတော့ အမျိုးသမီးတွေမှာလို အမျိုးသားတွေမှာ ကောင်းမွန်ခြင်း မရှိပါဘူး။ ဒါဟာဘာလို့လဲဆိုတော့ အခြေအနေကို သိရှိမှု နောက်ကျလို့နဲ့ ရောဂါ အမည်တပ်နိုင်ဖို့ အချိန်ကြာမြင့်လို့ပဲဖြစ်ပါတယ်။
အမျိုးသားတွေရဲ့ ရင်သားကင်ဆာမှာ အသက်ရှင်နိုင်နှုန်းဟာ ရောဂါအမည်မတပ်ခင် ဘယ်လောက် ပြန့်နေပြီလဲဆိုတာပေါ် အများအပြား မူတည်ပါတယ်။ ရင်သားကင်ဆာကို စောစောတွေ့ရင် အောင်မြင်စွာ ကုသနိုင်ပေမယ့် ရင်သားတစ်ရှူးတွေ ပြင်ပအထိ ပြန့်သွားပြီဆိုရင်တော့ ထိရောက်စွာ ကုသဖို့ ခက်ခဲပါတယ်။
အမျိုးသားအများစုဟာ ကင်ဆာ စတင်ပြန့်ပွားပြီးမှ ကင်ဆာဖြစ်ပွားမှန်း သိရှိတာများပါတယ်။
ရောဂါဖြစ်ပွားနှုန်းလျှော့ချခြင်း
အထိရောက်ဆုံးနည်းကတော့
• အရက်ကို ပုံမှန်သာ သောက်သုံးခြင်း – အမျိုးသားတွေဟာ တစ်နေ့မှာ အရက်ကို ၃-၄ units ထကပိုပြီးမသောက်သင့်ပါဘူး။ တစ်ယူနစ်မှာ 25 ml လောက် ခန့်မှန်းခြေ ပါဝင်ပါတယ်။
• ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းသင့်ပါတယ်။ လေ့ကျင့်ခန်းလည်း ပုံမှန် လုပ်သင့်ပါတယ်။
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments
Post a Comment