မိန်းမကိုယ်ကို သန့်ရှင်းကျန်းမာအောင် ဘယ်လိုထားမလဲ
တချို့နိုင်ငံတွေမှာ ရာသီလာချိန်ဆို မိန်းကလေးတွေကို သီးခြားနေရာမှာတောင်နေစေတာတဲ့။ နီပေါတို့၊ အိန္ဒိယတို့မှာ ရာသီသွေးဆင်းနေတဲ့မိန်းကလေးကို မိသားစုထဲ၊ ကိုယ့်အိမ်ထဲမှာတောင် မနေခိုင်းပါဘူး။ တကယ်တော့ မိန်းမကိုယ်ဆိုတာ ရွံစရာမဟုတ်ပါဘူး။ တခြားသူတွေမှာလို၊ တခြားနေရာတွေလိုပဲ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ သန့်သန့်ရှင်းရှင်းနေမယ်ဆို ခြေထောက်၊ လက်အရေပြားတွေထက်တောင် သန့်နေပါလိမ့်ဦးမယ်။ဒါပေမယ့် မိန်းကလေးတွေကိုယ်တိုင်ကကို ညစ်ပေတဲ့နေရာတစ်ခုဖြစ်မှာ၊ အနံ့ထွက်မှာ၊ ရောဂါပိုးဝင်မှာစိုးရိမ်မှုတွေကြောင့် အနံ့မွှေးတဲ့ ဆပ်ပြာတွေ၊ ဖျန်းဆေးတွေအပြင် ရေမွှေးတွေပါသုံးကြ၊မကြာခဏဆေးကြောတတ်ကြရာက နုနယ်တဲ့မိန်းမကိုယ်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။
မိန်းမကိုယ်ဟာ ညစ်ပေတဲ့နေရာ ဘယ်အချိန်မှာဖြစ်လာလဲဆိုရင် တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အခါ၊ အဝတ်အစားမသန့်ရှင်းတဲ့အခါ ရောဂါပိုးဝင်လာချိန်ဖြစ်ပါတယ်။ ရောဂါပိုး အထူးသဖြင့်မှိုပိုးဝင်တဲ့အခါ ယားယံတာ၊ အနံ့ဆိုးထွက်တာ၊ မသန့်ရှင်းတဲ့အဖြူဆင်းတာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန်လိုအပ်တဲ့ကုသမှုမဟုတ်ဘဲ တခြားဆေးတွေလိမ်းတာ၊ထည့်တာ၊ အမွှေးနံ့ပြင်းတာတွေသုံးပစ်တာတွေ ရမ်းသမ်းလုပ်မယ်ဆို မသက်သာဘဲ ပိုတောင်ဆိုးနိုင်ပါတယ်။ မိန်းမကိုယ်ဟာ ပြင်ပအသားအရေမှမဟုတ်ဘဲလေ။
သူ့အတွက်အကောင်းဆုံးနည်းက ရိုးရှင်းပါတယ်။ ဓာတုပစ္စည်းပါတဲ့အရာတွေမသုံးဘဲ အမြဲတမ်းသဘာဝကျကျသန့်ရှင်းအောင်ထားပေးဖို့ပါပဲ။ အထူးတလည် မကြာခဏ ဆေးကြော၊ သန့်စင်နေဖို့မလိုအပ်ပေမယ့် မိန်းမကိုယ်မှာ ရောဂါကင်းဖို့ ဒီအချက်လေးတွေတော့ အရင်ဆုံးထည့်စဉ်းစားရပါလိမ့်မယ်။
တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ
လူတစ်ကိုယ်လုံးကျ မသန့်ရှင်းဘဲနဲ့ မိန်းမကိုယ်တစ်ခုတည်းကွက်ပြီး ဆေးကြောနေလို့တော့မရနိုင်ပါဘူးနော်။ ရေမှန်မှန်ချိုး၊သန့်သန့်ရှင်းရှင်းနေထိုင်မှ၊ အဝတ်အစားသန့်သန့်ဝတ်ဆင်မှ(အထူးသဖြင့် အတွင်းခံတွေပေါ့)တစ်ကိုယ်ရေသန့်ရှင်းရေးရှိနိုင်မှာပါ။ အတွင်းခံမသန့််ရင်၊ လစဉ်သုံးပစ္စည်းပုံမှန်မလဲရင် ရောဂါပိုးက ကပြီးတောင်ဝင်လာပါဦးမယ်။
အတွင်းခံနေ့တိုင်းလဲပါ
အတွင်းခံဘောင်းဘီကို တစ်နေ့တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်တော့လဲဝတ်ရမှာပါ။ ဝတ်တဲ့အခါလည်း သက်တောင့်သက်သာရှိတဲ့အသား၊ ဒီဇိုင်းကို ရွေးချယ်သင့်ပါတယ်။ ကျပ်စည်းနေတာတွေ၊ ပူအိုက်လှောင်မယ့်အသားတွေကို ရှောင်ပါ။ မဟုတ်ရင် ချွေးတွေနဲ့စိုစွတ်ပိတ်လှောင်ပြီး မှိုပိုးပေါက်ဖွားမှု လွယ်ကူစေနိုင်ပါတယ်။
ဆပ်ပြာမသုံးပါနဲ့
ရေချိုးတဲ့အခါ ရေချိုးဆပ်ပြာတွေနဲ့တစ်ကိုယ်လုံးအကြိုက် သန့်စင်ရတာ သဘောကျကြပါတယ်။ တစ်ကိုယ်လုံးသန့်အောင်ဆိုပြီး ပေါင်ခြံအတွင်း မိန်းမကိုယ်နဲ့စအိုဝအထိ ပွတ်ဆေးကြတာ တကယ်တော့မလုပ်သင့်ပါဘူး။ ကိုယ်တိုက်ဆပ်ပြာမွှေးတွေ၊ ရေချိုးဆပ်ပြာရည်တွေမှာ မိန်းမကိုယ်မှာရှိသင့်တဲ့ pH အဆင့်ထိန်းသိမ်းတဲ့စနစ်ကို ပျက်ယွင်းစေနိုင်ပြီး မိန်းမကိုယ်မှာ အက်စစ်ဓာတ်ပိုများစေနိုင်တာကြောင့် အလိုအလျောက်သန့်ရှင်းပေး၊ကာကွယ်ပေးတာမလုပ်နိုင်တော့ပါဘူး။ အဲဒီအချိန် ဘက်တီးရီးယားနဲ့တခြားရောဂါပိုးတွေဝင်ဖို့ပိုလွယ်စေပါတယ်။
အမျိုးသမီးသန့်စင်ဆေးရည်သုံးပါ
ဓာတုပစ္စည်း၊အရောင်ဆိုးဆေး၊ အနံ့အတုတွေမပါဘဲ သဘာဝပစ္စည်းတွေကိုအခြေခံတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေကိုရွေးချယ်သုံးပါ။ အထူးသဖြင့် မိန်းမကိုယ်ရဲ့သဘာဝကာကွယ်မှုစနစ်မှာပါဝင်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေအတွက် အားဖြည့်ပေးတဲ့ အမျိုးအစားဆိုပိုကောင်းပါတယ်။ နေ့စဉ်သုံးလို့ရ၊ ရက်မကြာမကြာလည်းသုံးလို့ရပေမယ့် တစ်နေ့ကို နှစ်ကြိမ်ထက်တော့ပိုမသုံးသင့်ပါဘူး။
အစားအသောက်ကလည်း ကူညီနိုင်ပါတယ်
သိပ်တော့သတိထားမိမှာမဟုတ်ပေမယ့် အာဟာရပြည့်တဲ့အစားအစာတွေညီမျှအောင်စားတာ၊ အရည်များများသောက်တာတွေက မိန်းမကိုယ်ကျန်းမာရေးမှာသက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာ ဒိန်ချဉ်ဟာ အကျိုးပြုဘက်တီးရီးယား probiotic တွေကြွယ်ဝလို့ မှိုပိုးဝင်ခြင်းကိုကာကွယ်ပေးနိုင်တယ်။
လစဉ်သုံး ဒါမှမဟုတ် နေ့စဉ်သုံးပစ္စည်းကို ပုံမှန်လဲဖို့မမေ့ပါနဲ့
အမျိုးသမီးသုံး pad တွေကို လေးနာရီ ဒါမှမဟုတ် ရှစ်နာရီကြာတိုင်း တစ်ကြိမ်လဲပေးဖို့ ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားပါတယ်။ စိုစွတ်မှုတွေအကုန် စုပ်ယူထားတာဆိုတော့ ရောဂါပိုးတွေပေါက်ဖွားဖို့ပိုလွယ်စေနိုင်ပါတယ်။ ညအိပ်ခါနီးမှ လဲထားတာဆိုလည်း အိပ်ရာနိုးတာနဲ့အသစ်လဲပေးသင့်ပါတယ်။
အမွှေးနံ့ပြင်းတာတွေမသုံးပါနဲ့
အနံ့ဆိုးထွက်မှာကိုပဲစိုးရိမ်မနေပါနဲ့။ အနံ့ဆိုးဆိုတာ ရောဂါပိုးဝင်တဲ့လက္ခဏာမို့ သန့်ရှင်းမှုကိုဂရုစိုက်ရင် အနံ့ပျောက်အောင်လို့မွှေးကြိုင်တာတွေ စွတ်သုံးဖို့မလိုပါဘူး။ ခဏတာမွှေးကြိုင်ဖို့အတွက်နဲ့ နောက်ဆက်တွဲဖြစ်လာမယ့်ပြဿနာတွေကို ထည့်တွေးသင့်ပါတယ်။ အမွှေးနံ့ပြင်းတဲ့ဆပ်ပြာတွေ၊ အသုံးအဆောင်ပစ္စည်းတွေကြောင့် ဓာတုပစ္စည်းတွေကြောင့် မိန်းမကိုယ်မှာ ခြောက်သွေ့တာ၊ ယားယံတာ၊လောင်တာ၊ ပိုးဝင်တာတွေဖြစ်စေနိုင်တယ်။
ချွေးစို၊ ရေစိုနဲ့ အကြာကြီးမနေပါနဲ့
ဂျင်မ်သွားတာပဲဖြစ်ဖြစ်၊ အပြင်သွားတာပဲဖြစ်ဖြစ် ချွေူးတွေစိုရွှဲနေတဲ့အတွင်းခံအဝတ်တွေနဲ့ အကြာကြီးတော့မနေပါနဲ့။ အိမ်ပြန်ရောက်တာနဲ့ အမြန်လဲဝတ်ပါ။ ရေစိုဝတ်နဲ့ကြာကြာနေပြီးရင်လည်း ဒီတိုင်းတော့အခြောက်မခံလိုက်ပါနဲ့။ အပေါ်ယံအဝတ်တွေခြောက်လည်းအတွင်းခံမှာအစိုဓာတ်ကျန်မှာပဲ။ လဲဖြစ်အောင်လဲပါ။
အရှေ့ကနေ အနောက်ကိုပဲ ဆေးကြောသန့်စင်ပါ
သန့်စင်ခန်းသွားလို့ ရေသုံးတဲ့အခါပဲဖြစ်ဖြစ်၊ တစ်သျှူးသုံးတဲ့အခါပဲဖြစ်ဖြစ် အရှေ့ဘက်ကနေ အနောက်ဘက်ကိုပဲ ဆေးကြောသန့်စင်ပါ။ အနောက်ကနေ အရှေ့ကိုသန့်စင်တဲ့အခါ စအိုဘက်က အညစ်အကြေးတွေ၊ဘက်တီးရီးယားပိုးတွေက မိန်းမကိုယ် ဒါမှမဟုတ် ဆီးလမ်းကြောင်းဆီရောက်လာနိုင်ပါတယ်။
ဒီအချက်တွေလိုက်နာပြီးပြီဆိုရင်တော့ မိန်းမကိုယ်ကျန်းမာရေးအတွက် စိတ်ချရသလောက်ရှိနေပါပြီ။ သန့်ရှင်းတဲ့ မိန်းမကိုယ်ကို ပိုင်ဆိုင်ထားမှ သွားလာနေထိုင်ရာမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိတဲ့မိန်းကလေးတွေဖြစ်နိုင်မှာပေါ့။
မူရင်းရေးသားသူနှင့်ပညာရှင်များအား လေးစားစွာ Credit ပေးပါသည်။

Comments
Post a Comment