သားအိမ်ခေါင်းကင်ဆာအကြောင်း တစေ့တစောင်း
ယနေ့ခေတ်အမျိုးသမီးတွေဟာ အသက်ကိုအန္တရာယ်ပြုနိုင်လောက်တဲ့အထိ ဆိုးရွားပြင်းထန်တဲ့ သားအိမ်ခေါင်းကင်ဆာအကြောင်း စိတ်ပါဝင်စားလာကြပြီ ဖြစ်ပါတယ်။
အဲဒီသားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်တဲ့ သိကောင်းစရာအချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။
၁။ အမေရိကန်ကင်ဆာလူမှုအဖွဲ့အစည်းရဲ့ သတင်းထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်မှာ ပျံ့နှံ့နိုင်တဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားသူ အမျိုးသမီးပေါင်း ၁၂၉၉၀ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၄၁၂၀ ဦးဟာ သားအိမ်ခေါင်းကင်ဆာကြောင့်ပဲ သေဆုံးနိုင်ခြေရှိပါတယ်။
၂။ သားအိမ်ခေါင်းကင်ဆာဟာ ကမ္ဘာတဝှမ်းလုံးမှာ ဒုတိယ ဖြစ်ပွားမှုအများဆုံး ကင်ဆာဖြစ်ပါတယ်။
၃။ သားအိမ်ခေါင်းကင်ဆာ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကြိုတင်ကာကွယ်ရေး နည်းဗျူဟာတွေကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်း လျော့ကျနေပြီ ဖြစ်ပါတယ်။
၄။ ပုံမှန်အားဖြင့် သားအိမ်ခေါင်းကင်ဆာဟာ ဖြည်းဖြည်းချင်း ဖြစ်ပေါ်ကြီးထွားပျံ့ပွားတဲ့ ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ သားအိမ်ခေါင်းအချွဲမြေး စစ်ဆေးခြင်း၊ Human papilloma ဗိုင်းရပ်စ်ပိုး ရှိ၊မရှိစစ်ဆေးခြင်း စတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခြင်းအားဖြင့် ကင်ဆာမဖြစ်မီ ပြောင်းလဲမှုတွေနဲ့ ကင်ဆာဖြစ်နိုင်ခြေများသူတွေကို ရှာဖွေအတည်ပြုနိုင်ပါတယ်။
၅။ Human papilloma ဗိုင်းရပ်စ် ကူးစက်ခံရခြင်းဟာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနဲ့ အလွန်ဆက်စပ်လျက် ရှိပါတယ်။
၆။ Human papilloma ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေကို လျော့ချနိုင်တဲ့ ကာကွယ်ဆေးရှိပါတယ်။
၇။ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်တဲ့ အလားအလာကို လျော့ချဖို့ အောက်ဖော်ပြပါ လူနေမှုဘဝပုံစံပြောင်းလဲမှုတွေ ပြုလုပ်နိုင်ပါတယ်။
လိင်ဆက်ဆံသည့် အဖော်ဦးရေ ကန့်သတ်ခြင်း
လုံခြုံစိတ်ချရသည့် လိင်ဆက်ဆံမှု အလေ့အကျင့်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း
ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်း
ဆေးလိပ်မသောက်ခြင်း
၈။ သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့ အခြားအကြောင်းအရင်းတွေကတော့
အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း
ခန္ဓာကိုယ် ခုခံအားကျဆင်းခြင်း
သန္ဓေသားဘဝတွင် မိခင်နှင့် diethylstilbestrol (DES) ဒြပ်ပေါင်း ထိတွေ့မိခြင်း
၉။ အမျိုးသမီးတိုင်း အသက် ၂၁နှစ်အရွယ်ကစတင်ပြီး သားအိမ်ခေါင်းကင်ဆာရှိ၊မရှိ စစ်ဆေးသင့်ပါတယ်။ သင်နဲ့သင့်တော်မယ့် စစ်ဆေးမှုတွေနဲ့ စစ်ဆေးရမယ့် အချိန်အပိုင်းအခြားကို သင့်ဆရာဝန်က ရွေးချယ်သတ်မှတ်ပေးပါလိမ့်မယ်။
၁၀။ နိဂုံးချုပ်အနေနဲ့ ပြောရရင်
သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့ အကြောင်းရင်းတွေကို တတ်နိုင်သလောက် လျှော့ချပါ။
သားအိမ်ခေါင်းကင်ဆာ ရှိ၊မရှိ စမ်းသပ်စစ်ဆေးမှု ခံယူပါ။
ဒီလို စမ်းသပ်စစ်ဆေးမှု ခံယူဖို့ သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
ဒီဆောင်းပါးမှာ ဖော်ပြခဲ့တာတွေကတော့ သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်တဲ့ ယေဘုယျအကျဆုံး အချက်အလက်တွေပဲ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာအကြောင်း အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။
ရေးသားသူ Dr. Ye Mhan Linn
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments
Post a Comment