လိင်တံထိပ်အရေပြား မဖြတ်ခင် ဒါတွေကို သိထားဖို့လိုပါတယ်
လိင်တံထိပ်အရေပြား ဖြတ်ခြင်းဆိုတာဘာလဲ။
လိပ်တံထိပ်ဖူးပတ်လည်ကို ဖုံးနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်ပေးတာဖြစ်ပါတယ်။ သူ့ကို Circumcision လို့ခေါ်ပါတယ်။ အများအားဖြင့်တော့ ယောက်ျားလေးတွေ မွေးပြီးကာစမှာ သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် မိဘတွေကိုယ်တိုင် ဆရာဝန်လက်ထဲအပ်ပြီး ဖြတ်လိုက်တာမျိုးလည်း ရှိသလို အသက်ကြီးမှ အကြောင်းအမျိုးမျိုးကြောင့် လုပ်တာ၊ ဘာသာရေးအယူဝါဒတွေကြောင့် လုပ်တာ အစရှိသဖြင့် အစုံပါပဲ။ တကယ်တော့ လိင်တံထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းကို ကာယကံရှင်အနေနဲ့ သေချာဆုံးဖြတ်ဖို့ လိုပါတယ်။
သန့်ရှင်းရေးအတွက် လိင်တံထိပ်အရေပြားဖြတ်မှာလား။
လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့အခါ အဆီတွေ၊ ဖုန်နဲ့ အညစ်အကြေးတွေ၊ သုက်ရည်တွေက အရေပြားရဲ့အောက်မှာ သွားပြီး စုပုံနေတတ်ပါတယ်။ ကြာလာတဲ့အခါ အဖြူရောင်အရိအချွဲတွေ ဖြစ်ပြီး လိင်တံကနေ အောက်သိုးသိုးအနံ့တွေ ထွက်လာပါတယ်။ ဒီအရိအချွဲကနေ ဘက်တီးရီးယားပိုးတွေ ပွားများလာပြီး အဖတ် သို့မဟုတ် အခဲ အခြေအနေကို ရောက်ပါတယ်။ ဒီအခြေအနေမှာဆိုရင် အမျိုးသားတွေလည်း လိင်တံအနံ့ဆိုးတွေ အမြဲထွက်နေသလို ဆီးလမ်းကြောင်းပိုးဝင်ဖို့လည်း ရာခိုင်နှုန်း ပိုများပါတယ်။
အဲ့ဒါကြောင့် ထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတိုင်း ရေချိုးတဲ့အခါ ဒီအရေပြားကို နောက်လှန်ဆွဲချပြီး ဆေးကြောဖို့ လိုပါတယ်။ ဒီလို ပုံမှန်ဆေးကြောပေးနိုင်ရင်တော့ ပြဿနာမရှိပေမဲ့ ရေရှည် ကျန်းမာရေးနဲ့ သန့်ရှင်းမှုကို ဦးစားပေးတဲ့အနေနဲ့ ကလေးဘဝမှာကတည်းက ယောက်ျားလေးတွေကို လိင်တံထိပ်အရေပြား ဖြတ်ပေးလိုက်တာဖြစ်ပါတယ်။
ကျန်းမာရေးအတွက် လိင်တံထိပ်အရေပြားဖြတ်တယ်ဆိုတာက ဘာလဲ။
တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ကျန်းမာရေးဟာ အမြဲဆက်စပ်နေတယ်ဆိုတာ သိထားမှာပါ။ ဒီလို သန့်ရှင်းရေးအားနည်းသွားတဲ့အခါ ကျန်နေတဲ့ အဖြူရောင်အရိအချွဲတွေက လိင်အင်္ဂါကို ယားယံစေတယ်၊ နီရဲစေတယ်။ အရေပြား ပြဿနာဖြစ်ဖို့ ပိုလွယ်လာတယ်။ အထူးသဖြင့် သန့်ရှင်းမှုနည်းလို့ ဖြစ်တတ်တဲ့ ရောဂါတွေကတော့
ထိပ်ဖုံးအရေပြား ရောင်ရမ်းခြင်း (Balanitis)
ထိပ်ဖုံးအရေပြား နီရဲပြီး ရောင်ရမ်းခြင်း (Balanoposthitis)
ထိပ်အရေပြား နောက်လှန်ဆွဲမရခြင်း (Phimosis)
နောက်လှန်ဆွဲထားတဲ့ အရေပြားကို နဂိုနေရာပြန်ရောက်အောင် မဆွဲနိုင်တော့ခြင်း (Paraphimosis) ဆိုပြီး အမျိုးမျိုးရှိပါတယ်။
နောက်တစ်ချက်ကတော့ ထိပ်အရေပြား ဖြတ်ထားသူတွေမှာ မဖြတ်ထားသူတွေထက် လိင်မှတစ်ဆင့် ရောဂါကူးစက်နိုင်ခြေ နည်းသွားသလို ထိပ်အရေပြား ပွန်းပဲ့ထိခိုက်တာ၊ ယားယံတာ အလွန်နည်းသွားပါတယ်။
ထိပ်အရေပြား ဖြတ်လို့ ဘာကောင်းကျိုးတွေရှိလဲ။
ဆီးလမ်းကြောင်း ပိုးဝင်ခြင်း နည်းသွားမယ်
လိင်တံကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
လိင်မှတစ်ဆင့် ရောဂါ ကူးစက်နိုင်ခြေကို လျော့နည်းစေတယ်။
လိင်တံမှ ဘက်တီးရီးယားပိုးတွေ အမျိုးသမီးဆီသို့ ကူးစက်နိုင်ခြေ နည်းစေတယ်။
တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးတယ်။
သန့်ရှင်းရေး လုပ်ဖို့ လွယ်ကူစေတယ်။
အနံ့အသက်ဆိုးတွေ နည်းသွားတယ်။
ထိပ်အရေပြား ဖြတ်လို့ ဆိုးကျိုးတွေရော ရှိနိုင်လား
မြင်နေကျမဟုတ်တဲ့သူတွေအတွက် လိင်တံဟာ ထူးဆန်းသွားတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။
ခွဲစိတ်ဖြတ်တောက်ကာစမှာ အနည်းငယ် နာကျင်မှုဖြစ်မယ်
သန့်သန့်ရှင်းရှင်းမထားတဲ့အခါ ခွဲထားတဲ့နေရာကို ပိုးဝင်နိုင်တယ်။
ခွဲပြီး အနာမကျက်ခင်အထိကို တစ်ကိုယ်ရေအာသာဖြေတာ၊ လိင်ဆက်ဆံတာတွေကို ရပ်ထားဖို့ လိုပါတယ်။
ကလေးဘဝမှာကတည်းက လိင်တံထိပ်အရေပြား ဖြတ်တောက်ထားတာ အကောင်းဆုံးပါပဲ။ ခွဲစိတ်ပြီးတဲ့နေ့မှာပဲ အိမ်ပြန်အနားယူလို့ရပြီး ဆေးရုံအကြာကြီးတက်စရာမလိုပါဘူး။ ပုံမှန်ဆိုရင် တစ်လလောက်နဲ့ အနာကျက်သွားနိုင်ပါတယ်။ ဒီကြားထဲမှာ လိင်အင်္ဂါကို သေချာသန့်ရှင်းအောင် ထားဖို့လိုသလို ဆရာဝန်နဲ့လည်း ပုံမှန်ပြသပြီး စစ်ဆေးသင့်ပါတယ်။ လူတွေထင်ထားသလို လိင်တံအရေပြားဖြတ်လို့ တိုဝင်သွားတာ၊ နဂိုအရွယ်ထက် သေးသွားတယ်ဆိုတာတော့ လုံးဝမဟုတ်တဲ့အတွက် သိပ်ပြီးမစိုးရိမ်ပါနဲ့လို့ အကြံပေးလိုက်ပါတယ်နော်။
ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
**** မူရင်းပို့စ်ရေးသားသူအား လေးစားစွာ Credit ပေးပါသည်။

Comments
Post a Comment