ကာလသားရောဂါနဲ့ပတ်သက်ပြီး သိထားသင့်သမျှ


 ကာလသားရောဂါနဲ့ပတ်သက်ပြီး သိထားသင့်သမျှ

============================

ကာလသားရောဂါဆိုတာ ဘာလဲ။
Syphilis – ဆစ်ဖလစ်ရောဂါ (ကာလသားရောဂါ) ဆိုတာ Treponema pallidum ဆိုတဲ့ ဘက်တီးရီးယားပိုးဝင်ရောက်မှုကြောင့် ဖြစ်တဲ့ရောဂါပါ။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး ကူးစက်ဖို့ အရမ်းလွယ်ကူတဲ့ ရောဂါဆိုလည်း မမှားပါဘူး။ လိင်အပျော်အပါးလိုက်စားတာ၊ ပိုးရှိသူနဲ့ အရေပြား၊ တံတွေးချင်း ထိမိတာကြောင့် ကူးစက်နိုင်ပါတယ်။
တစ်ခါတလေ ရောဂါလက္ခဏာတွေတောင် မပြတာမျိုးလည်း ရှိနိုင်တဲ့အတွက် ကိုယ့်မှာရောဂါပိုးရှိနေမှန်း နှစ်အတော်ကြာသည်အထိ မသိဘဲ ရောဂါမွေးထားသလို ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကာလသားရောဂါပိုးရှိတဲ့အခါ ကလေးကို ကူးစက်နိုင်သလို ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေဖြစ်နေတာ၊ ကလေးအသေမွေးတဲ့အထိပါ ဖြစ်နိုင်ပါတယ်။
ဒါဆို ကာလသားရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ။
ကာလသားရောဂါမှာ အဆင့် ၃ဆင့် ရှိပါတယ်။
၁။ အစောပိုင်းကာလ ကာလသားရောဂါ အဆင့်
ကိုယ်ခန္ဓာနေရာအနှံ့မှာ အနီစက်တွေ၊ အင်ပျဉ်တွေ ထမယ်။ လိင်အင်္ဂါတစ်ဝိုက်နဲ့ ပါးစပ်ပတ်ပတ်လည်မှာ ပေါက်တာပိုများပါတယ်။ ပိုးကူးစက်ခံရပြီး ယေဘုယျအားဖြင့် ၃ပတ်အကြာမှာ ဒီလက္ခဏာတွေ ပြလာတတ်ပါတယ်။ ဆေးကုသမှုခံယူစရာမလိုဘဲ ၆ပတ်အတွင်းမှာ လက္ခဏာတွေ ပျောက်သွားတတ်ပြီး အမာရွတ်ကျန်ခဲ့တာမျိုးလည်း မရှိပါဘူး။
၂။ ဒုတိယ ကာလသားရောဂါ အဆင့်
ပိုးကူးစက်ခံရပြီး ၆ပတ် မှ ၆လအကြာမှာ လက္ခဏာတွေ ပြလာတတ်ပါတယ်။ လက်ဖဝါးနဲ့ ခြေထောက်တွေမှာ အနီရောင် အဖုအပိန့်လေးတွေ ထွက်လာပြီး ကျန်တဲ့နေရာတွေမှာ မတူညီတဲ့ ပုံစံနဲ့ အနီရောင်အဖုတွေ ထွက်လာတတ်ပါတယ်။ လိင်အင်္ဂါပတ်လည်မှာ စိုစိစိဖြစ်နေတဲ့ ကြွက်နို့တွေ ထွက်လာမယ်။ ပါးစပ်အတွင်းမှာ အဖြူရောင်အနာကွက်တွေ ဖြစ်မယ်။ အဖျားတက်မယ်။ ကိုယ်အလေးချိန်ကျဆင်းပါမယ်။ ဒီလက္ခဏာတွေဟာ တစ်လမှ ၃လထိ ကြာတတ်ပြီး ကုသမှုမခံယူဘဲ ပျောက်သွားတတ်ပါတယ်။ နောက်တစ်ဆင့်မရောက်ခင်မှာ ဘာလက္ခဏာမှ မပြဘဲ ရောဂါပိုးက မြုပ်နေတတ်ပါတယ်။
၃။ တတိယ ကာလသားရောဂါ အဆင့်
ဒီအဆင့်ရောက်တဲ့အထိ ရောဂါပိုးကို ကုသမှုမပြုသေးဘူးဆိုရင် အဆိုးရွားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဦးနှောက်နဲ့ နှလုံးမှာ ပြင်းထန်တဲ့ ပြဿနာတွေဖြစ်မယ်။ အာရုံကြောထိခိုက်မိပြီး အောက်ပိုင်းသေတာ၊ မျက်စိကွယ်တာ၊ ရူးသွားတာ၊ နားလေးတာ၊ မျိုးမအောင်တာအပြင် သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
ကာလသားရောဂါပိုးရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ။
လက်ရှိကျွန်တော်တို့နိုင်ငံမှာတော့ HIV နဲ့ ကာလသားရောဂါ စစ်ပေးတဲ့ ဆေးပေးခန်းတွေရှိသလို ဆေးရုံ၊ ဆေးခန်းတွေမှာလည်း စစ်ကြည့်လို့ရပါတယ်။ သွေးဖောက်စစ်ကြည့်ရုံနဲ့ ရက်အနည်းငယ် သို့မဟုတ် နာရီအနည်းငယ်အတွင်းမှာ သိနိုင်ပါတယ်။
ကာလသားရောဂါပိုးကို ကုသနိုင်လား။
ရောဂါပိုးကူးစက်ခံရတာ တစ်နှစ်မပြည့်သေးဘူးဆိုရင်တော့ ပင်နီဆလင် ဆေးတစ်ခါထိုးရုံနဲ့ အမြစ်ပြတ်ကုသလို့ရပါတယ်။ ပင်နီဆလင်နဲ့ ဓာတ်မတည့်သူတွေအတွက် Tetracycline, Doxycycline အစရှိတဲ့ ပဋိဇီဝဆေးဖြင့် ကုသလို့ရပါတယ်။ ပိုးကူးစက်ခံရတာကြာလေလေ ရောဂါအဆင့် ပြင်းထန်လေဖြစ်ပြီး ဆေးအကြိမ်ရေများများ ထိုးဖို့ လိုအပ်ပါတယ်။ ကုသနေစဉ်ကာလအတွင်းမှာ လိင်အပျော်အပါးကိစ္စကို လုံးဝရပ်ထားဖို့လိုပါတယ်။
ကာလသားရောဂါပိုး မကူးစက်ခံရအောင် ဘယ်လိုကာကွယ်မလဲ။
မသိတဲ့သူစိမ်းတွေနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံတာကို ရှောင်ပါ။
လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ။
၃လတစ်ကြိမ် သွေးစစ်ပါ။
ရောဂါပိုးတွေ့တဲ့အခါ ကုသမှုခံယူဖို့ လက်မနှေးပါနဲ့။
ကိုယ်ဝန်မဆောင်ခင်မှာ မိခင်အနေနဲ့ ရောဂါကင်းစင်နေဖို့၊ ဗိုက်ထဲက ကလေးကို မထိခိုက်စေဖို့ ရောဂါတွေကို ကြိုတင်စစ်ဆေးထားပါ။
ကာလသားရောဂါဆိုတာ အမြစ်ပြတ်ကုသပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်တာကြောင့် သိပ်ပြီးတော့ မစိုးရိမ်ပါနဲ့။ မကုသဘဲ ပစ်ထားပြီး ပေပေတေတေ နေမှသာ အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ရှိတာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကို အမြဲမျက်ခြေမပြတ် လေ့လာစောင့်ကြည့်နေဖို့၊ လိင်အပျော်အပါးကို သတိလေးကပ်ပြီး လိုက်စားဖို့ အကြံပေးလိုက်ပါတယ်။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မူရင်းရေးသားသူနှင့်ပညာရှင်များအား လေးစားစွာ Credit ပေးပါသည်။
မျိုးဆက်ပွားကျန်းမာရေး ပို့စ်များကို Application မှာစုစည်းထားပေးလို့ အလွယ်တကူဖတ်ရှုနိုင်ပြီ။ အောက်ပါ Playstore link ကနေပြီး Install ပြုလုပ်နိုင်ပါသည်။
https://bit.ly/2XmjUMW

Comments

Popular posts from this blog

အမျိုးသားများ ကျန်းမာသော သုတ်ရည် ရှိမရှိ သိနိုင်သော လက္ခဏာ ၆ ရပ်

အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

သားအိမ်ထဲပစ္စည်းထည့်ထားရင် လိင်ဆက်ဆံလို့ရပါ့မလား။