အပျိုဖော်ဝင်ချိန်နှင့် ပျိုမေတို့ကျန်းမာရေး
မိန်းကလေးများအတွက် အပျိုဖော်ဝင်ချိန်ဟာ အရေးအကြီးဆုံးဖြစ်တယ်။ ငယ်ရွယ်တဲ့မိန်းကလေးတွေဟာ တစ်ချိန်မှာတိုင်းပြည်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာ (သို့) သားကောင်းမိခင်ဖြစ်လို့ သည်အပျို ဖော်ဝင်ချိန် သတိထားရပါမယ်။
အပျိုစင်ဘဝပြောင်းလဲမယ့်အရွယ်မှာ ကျန်းမာစွာကြီးပြင်းဖို့ လိုသလို အန္တရာယ်များ ကျော်လွှားဖို့လည်း လိုတယ်။ ဆယ်ကျော်သက်အရွယ် ပြောင်းလဲဖွံ့ဖြိုးမှု ကို သမီးရှင်တိုင်း ထိန်းသိမ်းသင့်ပါတယ်။ ဓမ္မတာလာခြင်းဟာ သန္ဓေသားတည်ဖို့အတွက် ပြင်ဆင်ခြင်းဖြစ်ပါသည်။ မိန်းကလေးများ အရွယ်ရောက်လာတာနဲ့တစ်ပြိုင်နက် မျိုးဆက်သစ်များ ပွားများဖို့ သားအိမ်ကအဆင်သင့်ပြင်နေပါတယ်။ သားအိမ်အတွင်း အမြှေးဟာ တစ်လမှာတစ်ခါ အသစ်ဖြစ်သလို အဟောင်းကလည်း ကွာကျသွားပါတယ်။ ယင်းကို ဓမ္မတာသွေးခြင်း လို့ ခေါ်ပါတယ်။
အပျိုဖော်ဝင်ချိန် ဦးနှောက်အကျိတ် (ပီကျူထရီဂက်) မှာ မမျိုးဥအိမ်၊ မမျိုးဥ ကြီးထွားမယ့် ဟော်မုန်းနှင့် အဝါရောင် (အင်္ဂါလှုံ့ဆော်ဟော်မုန်း) ကို စတင် ထုတ်လွှင့် ပါတယ်။ ယင်းဟော်မုန်းကြောင့် မမျိုးဥကြီးထွားလာပါတယ်။ ယင်းသို့ကြီးထွား လာသည်နှင့်အမျှ မမျိုးဥအင်္ဂါမှ မဟော်မုန်းအီထရိုဂျင်ကို ထုတ်ဖော်ပါတယ်။ မမျိုးဥကြီးထွားရာမှ ရင့်မှည့်ပြီးကြွေကျပါတယ်။ အဲလိုု ကြွေကျတဲ့အချိန်မှာ မဟော်မုန်းကိုမထုတ်တော့ပါ။
သားအိမ်နှင့်တွဲဖက်အင်္ဂါများက မဟော်မုန်းနှင့်လှုံ့ဆော်မှုကိုခံရပြီး သန္ဓေ တည်ဟော်မုန်းရဲ့ လှုံ့ဆော်မှုကို စရမယ်။ ကြွေကျသွားတဲ့ မမျိုးဥဟာ သားအိမ် ပြွန် မှတဆင့် သားအိမ်ထဲကိုရောက်သွားပါ တယ်။ သားအိမ်မှာ မမျိုးဥ အင်္ဂါမှထုတ်လုပ် လိုက်တဲ့ မဟော်မုန်းကြောင့် ထူလာပါတယ်။ သားအိမ်မှာ အလွှာသုံးလွှာရှိပါတယ်။ အပြင်ဆုံးကအူပါး၊ အလယ်ကပြောင်ချောကြွက်သား၊ အတွင်းကသားအိမ်အတွင်းမြှော့ ပဲ ဖြစ်ပါတယ်။မမျိုးဥအင်္ဂါမှ ထုတ်လုပ်တဲ့ မဟော်မုန်းကြောင့် သားအိမ်အတွင်းမြှေးဟာ ထူလာပါတယ်။ ယင်းသို့ဖြစ်ပြီး သန္ဓေတည်ရန် ပြင်ဆင်ထားတယ်။ လိင်ဆက်ဆံမှု မရှိရင် စပန်း ဝင်ရောက်မှုမရှိရင် သားအိမ်အတွင်းမြှေးတွေ ကွာကျပြီး ဓမ္မတာ သွေးဆင်းခြင်းဖြစ်တယ်။ ပျမ်းမျှရက် (၃၀)မှာ (၁)ကြိမ် ဖြစ်ပေါ်လေ့ရှိတယ်။
မမျိုးဥစက်ဝန်း။ ။ သာမန် (၂၈)ရက်မှာ (၁)ကြိမ်ဓမ္မတာလာပြီး ရာသီစ လာတဲ့ရက်ရဲ့ (၁၄)ရက်မြောက်မှာ မဟော်မုန်းထွက်ပါတယ်။ ဒုတိယ(၁၄)ရက်မှာ သန္ဓေတည်ဟော်မုန်းထွက်ပြီး ဒီဟော်မုန်းရဲ့ လှုံ့ဆော်မှုကြောင့် ရာသီလာတယ်။ ရာသီလာချိန်မှာ ကိုယ်နွမ်းနယ်ခြင်း၊ စိတ်ပင်ပန်းခြင်း၊ စိတ်ဖိစီးစတဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။အပျိုဖော်ဝင်ချိန်မှာ အချို့အသက်ငယ်တဲ့ သမီးငယ်များဟာ အချိန်မတန်ဘဲ အပျိုဖော်ဝင်ချိန် စောတတ်ပါတယ်။ အချို့(၁၀)နှစ်အချို့ (၁၉)နှစ်အောက်မှာ ရင်သားဖွံ့ဖြိုးခြင်း၊ ချိုင်းမွှေးဆီးခုံမွေးများ ပေါက်လာခြင်း၊ ဓမ္မတာပေါ်လာခြင်းတို့ ဖြစ်တတ်ပါတယ်။ ယင်းကိုအပျိုဖော်မတိုင်မီ အပျိုဖော်ဝင်ခြင်းလို့ ခေါ်တယ်။ စောလွန်းလျှင် မီးယပ်သားဖွားနှင့် ပြသင့်ပါတယ်။
အပျိုဖော်နောက်ကျခြင်း။ ။ အချု့ိ(၁၇)နှစ်ရောက်မှ အပျိုစင်ဖြစ်တယ်။ မီးယပ်သွေးဆင်းအပေါက်မရှိခြင်း၊ ကညှာမြှေးထူခြင်း ဖြစ်တတ်ပြီး ဆရာဝန်နှင့် ပြသသင့်ပါတယ်။ အခြားပြဿနာများကြောင့် ရောဂါများကြောင့် မီးယပ်မလာတာမျိုး လည်း ရှိပါတယ်။ သွေးမပေါ်မီနှင့် သွေးပေါ်စဉ်နာကျင်ခြင်း၊ အပျိုဖော်ဝင်စအမျိုးသမီးများ သွေးမပေါ်မီနှင့် သွေးပေါ်စဉ် နာကျင်ကိုက်ခဲမှုများ ဖြစ်တတ်တယ်။ ဒီဝေဒနာမျိုးကို မိန်းကလေးများ(၂၅)ရာခိုင်နှုန်းခန့်ကြုံရတတ်ပါတယ်။ နာကျင်ခြင်းဟာ သာမန် နာကျင်ခြင်းထက်ပိုတတ်ပြီး မခံရက်နိုင်အောင် ဝမ်းဗိုက်တစ်ပြင်လုံးအောင့်မယ်။ ချက်နှင့်အောက်ပိုင်း ဆီးစပ်တစ်လျှောက် ကိုက်ခဲနာကျင်မယ်၊ ခေါင်းကိုက်မယ်။ တင်ပါးဆုံကြွက်သားသားကိုက်မယ်။ နာကျင်ခြင်းဝေဒနာကို မူလနာကျင်ခြင်း၊ ဒုတိယ နာကျင်ခြင်းဆိုပြီး(၂)မျိုးခွဲနိုင်ပါတယ်။
မူလနာကျင်ကိုက်ခဲခြင်း။ ။ မူလနာကျင်ခြင်းမှာ သားအိမ်မှာရှိတဲ့ ကြွက်သားတွေ မမျှော်လင့်ဘဲ အလွန်အမင်း ညှစ်တဲ့အတွက် သားအိမ်ကို သွေး ထောက်ပံ့မှု နည်းသွားပါတယ်။ အချို့ဖြစ်စဉ်မှာ သားအိမ်ကြွက်သားများက သွေးငတ်ပြီး နာကျင်ကိုက်ခဲလာခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ပရိုစတာဂလင်ဒင်ကို သွေးခဲခြင်းဓာတ်ပစ္စည်းတစ်ခုကြောင့် ဖြစ်ပါသည်။ သားအိမ် ကြွက်သားကို အရမ်းဆွဲ ညှစ်တဲ့ သတ္တိရှိပါတယ်။ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲ မတည့်တဲ့ပစ္စည်းရောက်လာလို့ ကြွက်သားကို အလွန်အမင်းညှစ်ကာ နာကျင်ကိုက်ခဲနေတတ်ပါတယ်။ ဆရာဝန်နှင့်ပြသဖို့ လိုအပ်ပြီးအနားယူရပါတယ်။ နွေးနွေးထွေးထွေး ရှိဖို့လိုပါမယ်။
ဒုတိယနာကျင်ခြင်း။ ။ အမျိုးသမီးရဲ့ ဓမ္မတာလာခြင်းက သားအိမ်အတွင်း အမြှေးပါးကို ကျခြင်းကြောင့်ဖြစ်ပါတယ်။ အချို့သားအိမ် အမြှေးကွာကျပြီးနောက် သားအိမ်အတွင်း သွေးများကျန်နေရင် ယင်းသွေးက သားအိမ်လည်တံကနေ အပြင်ဘက်ကို ကောင်းစွာထွက်ရပါမယ်။ အချို့သားအိမ် လည်တံကျဉ်းနေလို့ သွေးများ အလွယ်တကူ အပြင်မထွက်နိုင်လို့ ပိုပြီးညှစ်ရတာ နာကျင်ကိုက်ခဲလာ တယ်။ အချို့အသားလုံးရှိနေလို့၊ သားအိမ်ကသဘာဝအတိုင်း ညှစ်သော်များများ ညှစ်ပေးဖို့ရှိလေ၊ ပိုနာကျင်လေ ဖြစ်တယ်။ နောက်တစ်ခုက သားဥအိမ်မှာ အလုံး ဖြစ်ရင် သွေးပေါ်တိုင်း အလွန်နာကျင် ကိုက်ခဲတယ်။ ထို့ပြင် သားအိမ်ရောင်ခြင်း၊ သားဥပြွန်ရောင်ခြင်း၊ တင်းပါးဆုံရိုးကွင်းရောင်ခြင်း ဖြစ်ပါတယ်။ နာကျင်ကိုက်ခဲ တတ်ပါတယ်။
ကုသချက်။ ။ ဆရာဝန်ဖြင့်ပြသပြီး၊ သားအိမ်တံအပေါက်ကျဉ်းနေသူများ မေ့ဆေး(သို့)ထုံဆေးပေးပြီး သားအိမ်လည်တံရဲ့အဝကိုချဲ့ပေးရပါတယ်။ အဝကျယ် သွားတဲ့အတွက် သွေးကောင်းစွာဆင်းနိုင်လို့၊ ကိုက်ခဲခြင်း သက်သာပျောက်ကင်း သွားပါတယ်။သားအိမ်မှာ အလုံးရှိသူများအတွက် သားအိမ်ထဲ၌အလုံးကို မိုင်ရိုးမာ ဖြစ်လို့ ခွဲစိတ်ထုတ်ပစ် ရတတ်တယ်။ ကင်ဆာမဟုတ်ပါ။ အသားလုံးဟာ တဖြည်းဖြည်းကြီးလာတယ်။ အာထရာဆောင်း ရိုက်ပြီး အလုံး ဟုတ် မဟုတ် စစ်ဆေးကြည့်နိုင်တယ်။ လိုအပ်ရင်ဆရာဝန်မှ ပြသခွဲစိတ်ကုသသင့်ပါတယ်။ အချို့အကျိတ်များက ကိုက်ခဲစေပါတယ်။ ကိုက်ခဲမှုပျောက်အောင် အကိုက်အခဲ ပျောက်ဆေးအလွန်အကျွံသောက်ရင် အစာအိမ်အတွင်းပါးလွှာတတ်ပြီး သွေးကြော ပေါက်တတ်ပါတယ်။ အစာအိမ်သွေးကြောပေါက်ရင် သွေးထွက်လွန်ပြီး သေဆုံး တတ်ပါတယ်။
အကိုက်အခဲပျောက်ဆေးဟာ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးဖြစ်လို့ အမျိုးသမီးများ ဓမ္မတာလာချိန်၊ နာကျင်ကိုက်ခဲရင် သတိဖြင့်သောက်သင့်ပါတယ်။ အစာအိမ်သွေးကြောပေါက်ရင် သွေး အန်သွေးလန့်စေပါတယ်။ စိုးရိမ်ရပါတယ်။ မိန်းကလေးများ အပျိုဖော်ဝင်ချိန်မှာ ဖြစ်တတ်တဲ့ရောဂါများကို သိထားပြီး လိုအပ်ပါက ဆရာဝန်နှင့် ပြသင့်ပါတယ်။
Author: Dr.လွင်သန့်
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments
Post a Comment