ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ် (၁၁)
လက်မောင်းထဲ ပစ္စည်းထဲခြင်း Implant
ခု နောက်ပိုင်း အသုံးများလာတဲ့ လက်မောင်းထဲ ပစ္စည်းထည့်တဲ့နည်း အကြောင်းလေး ပြောပြပါ့မယ် ။တကယ်တော့ Implant လို့ခေါ်ပါတယ် ။မီးခြစ်ဆံခေါင်း အရွယ်သာသာ ရှိတဲ့ ပစ္စည်းလေးကို လက်မောင်းထဲ ထည့်တာဖြစ်ပါတယ် ။ ထိုပစ္စည်းလေးကနေ လုံမတို့ ကိုယ်ထဲမှာထွက်တဲ့ ပရိုဂျပ်စတိုဂျင် Progestogenနဲ့ အလားတူတဲ့ ဟိုမုန်းဓာတ်ကို ထုတ်လွှတ်ပေးပါတယ် ။
လက်မောင်းထဲထည့်တဲ့ ပစ္စည်းအမျိုးအစားက အများကြီးရှိပါတယ် ။ အသုံးများတာကတော့ ဂျပ်ဒယ်လ် Jadelle လို့ခေါ်တဲ့ တစ်ခါထည့်ရင် ၂ချောင်း ထည့်ရပြီး ၅နှစ်ခံတာ ရှိတယ် ။တစ်ခါထည့်ရင် ၁ချောင်းတည်းထည့်ပြီး ၃နှစ်ခံတဲ့ အင်ပလန်နွန် Implanon ဆိုပြီးလည်း ရှိတယ် ။နောက်တစ်မျိုးက တစ်ခါထည့်ရင် ၆ချောင်းထည့်ရပြီး ၅နှစ်ခံတဲ့ နော်ပလန် Norplant ဆိုတာလည်းရှိတယ် ။မိမိ အဆင်ပြေရာကို မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီးသုံးနိုင်တယ် ။
ဘယ်လို နည်းနဲ့ ပဋိသန္ဓေကို တားသလဲ ။
လက်မောင်းထဲထည့်ထားတဲ့ ပစ္စည်းကနေ ထွက်လာတဲ့ဟိုမုန်းဆေးတွေသည် လုံမငယ်တို့ခန္ဓာကိုယ်ထဲရောက်တာနဲ့သားအိမ်ခေါင်းအချွဲကို ထူပျစ်စေပြီး သုတ်ကောင်တွေ တော်ရုံ မတိုးနိုင်အောင် လုပ်ထားတယ် ။ထိုအခါ သုတ်ပိုးနဲ့သားဥ တွေ့ဖို့ မလွယ်တော့ဘဲ ကိုယ်ဝန်ရနိုင်ခြေနည်းသွားတယ်။နောက်ပြီး လုံမငယ်တို့ရဲ့ သားဥအိမ် (Ovary) မှ သားဥများ (ovum) သားအိမ်သို့ အရောက်သွား ရာမှာလည်းတားပေးတယ်။ဒီလိုနည်းတွေနဲ့ ပဋိသန္ဓေကို တားပါတယ်ကွယ် ။
ဘယ်လောက် အာနိသင် ရှိသလဲ ။
လက်မောင်းထဲ ပစ္စည်းထည့်ထားတဲ့ လုံမပျို အယောက် ၁၀၀ မှာ ၁ ယောက်လောက်သာ ကိုယ်ဝန်ရနိုင်ခြေရှိပါတယ် ။ကျန်တဲ့ ၉၉ ယောက်က မရနိုင်ဘူးပေါ့ ။
ဘေးထွက် အာနိသင်များ
-ရာသီ မမှန်တာ(လာတာ ပမာဏာ နည်းသွားတာ ၊လာတဲ့ ရက်နည်းသွားတာ၊ရာသီ လာတဲ့ရက်ကြာတာ ၊ရက်စိပ်တာ ၊ရက်မမှန်တော့တာ ၊ရာသီထိန်သွားတာ)
-ခေါင်းကိုက်တာ
-ခေါင်းမူးတာ
-ရင်သားတင်းရင်းတာ ၊နာတတ်တာ
-ဗိုက်နာတာ အောင့်တာ
-ပျို့ချင် အန်ချင်တာ
-ဝက်ခြံ ရှိသူတွေ သက်သာပေမယ့် ၊မရှိတဲ့သူတွေ ဝက်ခြံထွက်လာနိုင်တယ်
-ကိုယ်အလေးချိန် တိုးလာနိုင်တယ်
သိသာသည့် ကျန်းမာရေး အကျိုးကျေးဇူးများ
-ပဋိသန္ဓေကို တားတယ်
-ပစ္စည်းထုတ်လိုက်တာနဲ့ ကိုယ်ဝန်ပြန်ရဖို့ လွယ်တယ် ။
သိသာသည့် ကျန်းမာရေး အကျိုးအပြစ်များ
-ပစ္စည်းထည့်တဲ့နေရာ သန့်ရှင်းမှုမရှိက လက်မောင်းမှာ ပိုးဝင်တတ်တယ်
-ပြန်ထုတ်ရင် တစ်ခါတစ်လေ ထုတ်ရခက်တတ်တယ်
-လက်မောင်းထဲထည့်ထားတဲ့ ပစ္စည်းက အခန့်မသင့်ရင် ပြုတ်ထွက်သွားတတ်တယ်
(ဒါပေမယ့် အလွန်ရှားပါတယ်)
ပစ္စည်းဘယ်အချိန်ထည့်မလဲ။
-ရာသီ စလာပြီး ၇ရက်အတွင်းထည့်ပါ။
-ရာသီ စလာပြီး ၇ရက်ကျော်မှ ထည့်မည်ဆိုက ကိုယ်ဝန်မရှိတာ သေချာအောင် အရင်လုပ်ပါ ။မရှိတာ သေချာရင် ကြိုက်တဲ့ရက် စထည့်ပါ ။ဒါပေမယ့် ကွန်ဒုံး ၇ရက် သုံးပါ ။
-အကယ်လို့ ရှိ ၊မရှိ မသေချာရင် ရာသီလာတဲ့ရက်ကို စောင့်ပြီးမှထည့်ပါ ။ကွန်ဒုံး သုံးပါ ။
လက်မောင်းထဲ ပစ္စည်းထည့်ခြင်းနဲ့ ပတ်သက်သည့် လုံမတို့၏ အယူအဆမှားများ
-ဟိုမုန်းဓာတ်တွေသည် လုံမတို့ ကိုယ်ထဲမှာ စုမနေပါ ။ဒါကြောင့် ရာသီထိန်လို့ ရာသီ ပြန်ပေါ်အောင် ဆေးထိုး ၊ဆေးသောက်စရာ မလိုပါ ။ပစ္စည်းကို လက်မောင်းထဲမှ ထုတ်လိုက်တာနဲ့ ရာသီပြန်ပေါ်နိုင်ပါတယ် ။
-ပစ္စည်းထည့်လို့ လုံမတို့ မြုံသွားခြင်း ၊သားသမီး မရနိုင်တော့ခြင်း မရှိပါ ။
-လက်မောင်းထဲ ထည့်ထားတဲ့ ပစ္စည်းသည် တခြား ခန္ဓာကိုယ် အစိတ်အပိုင်းများသို့ ရွေ့သွား ၊ရောက်သွားခြင်း မရှိပါ ။
ဆက်ပါဦးမည်………..
Author: ခေတ်သစ် ဇီဝက
မူရင်းပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments
Post a Comment